ထိုင်းနိုင်ငံ၊ ချာချင်ဆောင်မြို့မှာ မြန်မာအလုပ်သမား ၁၂၂ ဦးဆီကနေ အလုပ်သွင်းပေးမယ်ဆိုပြီး စမတ်ကြေးတွေ ဘတ်သိန်းချီ ယူထားတဲ့ ပွဲစားအမျိုးသမီးတစ်ဦးကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ တရားရုံးကို ပို့ဆောင်သွားမယ်လို့ သိရပါတယ်။
အဆိုပါပွဲစားအမျိုးသမီးဟာ MOU၊ PJ, CI အလုပ်သမားတွေဆီကနေ တစ်ဦးကို ၇,၀၀၀ ဘတ်နှုန်းနဲ့ စုစုပေါင်း ၈၉၉,၀၀၀ ဘတ်နီးပါး ယူခဲ့တာပါ။ ပိုက်ဆံယူပြီး အလုပ်မပေးနိုင်ဘဲ ရက်ရွှေ့ဆိုင်းနေတာကြောင့် ဒီဇင်ဘာ ၉ ရက်နေ့မှာ အလုပ်သမားတွေနဲ့ WAG အဖွဲ့က ရဲစခန်းကို ခေါ်ဆောင်သွားပြီး တိုင်ကြားခဲ့ကြတာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စမတ်ကြေးရဲ့ ၂၀% ဖြစ်တဲ့ တစ်ဦး ၁,၆၃၁ ဘတ်ကို အလုပ်သမားတွေ ပြန်ရခဲ့ပါတယ်။ ကျန်တဲ့ငွေတွေကို ၄၅ ရက်အတွင်း အလုပ်မရရင် အကုန်ပြန်ပေးရမယ်လို့ ရဲမှူးရှေ့မှောက်မှာ ပွဲစားအမျိုးသမီးကို လက်မှတ်ထိုးခိုင်းထားတယ်လို့ သိရပါတယ်။ အဆိုပါ ပွဲစားအမျိုးသမီးကို မနက်ဖြန်မှာ တရားရုံးကို ပို့ဆောင်ကာ တရားစွဲဆိုသွားမှာဖြစ်ပြီး လက်ရှိမှာတော့ အချုပ်ခန်းထဲမှာ ထိန်းသိမ်းထားတယ်လို့ WAG အဖွဲ့က ထုတ်ပြန်ထားပါတယ်။
“ပွဲစားအမျိုးသမီးကို မနက်ဖန် တရားရုံးတင်မယ်။ သူကအခြားအမှုတွေလည်းရှိတော့ အမှုကများသွားတယ်။ အလုပ်သမားစမတ်ကြေးကိုတော့ ၄၅ ရက်အတွင်း လျော်မပေးနိုင်ရင် အလုပ်တစ်ခုပေးရမယ်။ မပေးနိုင်ရင် ဝရမ်းထုတ်ခံရမယ်ပေါ့ ။သူက၂၀% ပြန်လျော်ပေးတော့ လိမ်လည်မှုတော့မမြောက်တော့ဘူး။ ခုက ညှိနှိုင်းကာလပေါ့။ ဒါပေမယ့်အခြားအမှုတွေရှိတော့ တရားရုံးကတော့ တက်ရမှာပါ။” လို့ WAG အဖွဲ့က ကိုမုန်တိုင်းက ပြောပါတယ်။