ချွန်ဘူရီတိုင်း၊ ဘန်လာမွန်းရဲစခန်း က အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ဟာ မြန်မာနိုင်ငံသား အချင်းချင်း ရွှေလုယက်မှု ကျူးလွန်ခဲ့တဲ့ မြန်မာဇနီးမောင်နှံနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ လုယက်ခံရသူ မြန်မာအမျိုးသမီးရဲ့ သားဖြစ်သူ တိုင်ကြားချက်အရ အသက် ၂၇ နှစ်အရွယ် မော်အောင် နဲ့ အသက် ၃၀ နှစ်အရွယ် မခြူးဆိုသူတို့ဟာ အမျိုးသမီးတစ်ဦးဆီကို အခန်းငှားမယ့်ပုံစံနဲ့ ချဉ်းကပ်ခဲ့ပြီး ၃ ဘတ် (၃ကျပ်သားနီးပါး) အလေးချိန်ရှိတဲ့ ရွှေဆွဲကြိုးကို ဆောင့်ဆွဲဖြတ်ယူကာ မော်တော်ဆိုင်ကယ်နဲ့ ထွက်ပြေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ဟာ စီစီတီဗီမှတ်တမ်းတွေကနေ တရားခံတွေ အသုံးပြုခဲ့တဲ့ နံပါတ်နီ HONDA LEAD ဆိုင်ကယ်ကို သဲလွန်စရရှိခဲ့ပြီး နောင်ပရူခရိုင်ခွဲရှိ အငှားခန်းမှာ ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။မြန်မာ ဇနီးမောင်နှံနှစ်ဦးဟာ လုယက်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ရွှေကို ဘတ်ငွေ ၁၆၇,၀၀၀ နဲ့ ရောင်းချကာ အချို့ငွေတွေနဲ့ ရွှေထည်အသစ် လက်စွပ်၊ နားဆွဲ ပြန်ဝယ်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ အလုပ်လက်မဲ့ဖြစ်နေတာကြောင့် ကလေး ၄ ယောက် ထောက်ပံ့ဖို့ လုယက်မှုကို ကျူးလွန်ခဲ့မိကြတယ်လို့ သူတို့က ဝန်ခံထားပါတယ်။
ရဲတပ်ဖွဲ့ဟာ လုယက်ရာမှာ အသုံးပြုခဲ့တဲ့ ဆိုင်ကယ်၊ အဝတ်အစားနဲ့ ဝယ်ယူထားတဲ့ ရွှေထည်ပစ္စည်းတွေ အပါအဝင် သက်သေခံပစ္စည်းအားလုံးကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိသူနှစ်ဦးစလုံးဟာ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးနေပြီး တရားမဝင် နေထိုင်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူတို့ ၂ ဦးကို ယာဉ်နဲ့ပူးပေါင်းလုယက်မှု ၊ တရားမဝင် နေထိုင်မှု စွဲချက်တွေနဲ့ အမှုဖွင့်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။